နားအူခြင်း ဘာကြောင့် ဖြစ်ရတာလဲ
နားထဲမှာ အသံဆူညံတာ၊ စူးရှတဲ့ အသံတွေကို ကြားနေသလိုမျိုး ကြုံဖူးကြမှာပါ။ ဒါဟာ နားအူခြင်း ဖြစ်ပါတယ်။ နားအူတယ် ဆိုတာ ပြင်ပမှာ အသံမရှိဘဲ အသံတွေ ကြားနေရတာမျိုး ဖြစ်ပါတယ်။ နားအူခြင်း ဘာကြောင့် ဖြစ်ရတာလဲ?
ဆူညံတဲ့ အသံ
ဆူညံသံတွေကို အချိန်ကြာကြာ နားထောင်ရင် နားအူတာ ဖြစ်တတ်ပါတယ်။ ရေရှည်မှာ နားပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ရောဂါပိုး ဝင်ခြင်း
နားမှာ ရောဂါပိုးဝင်တဲ့အခါ နားစည်ရဲ့ အနောက်ဘက်မှာ ရှိတဲ့ အတွင်းပိုင်းနေရာကို ပျက်စီးစေတာကြောင့် ရောဂါလက္ခဏာ အနေနဲ့ နားအူတာတွေ ဖြစ်တတ်ပါတယ်။
ထိခိုက်ဒဏ်ရာ ရခြင်း
ဦးခေါင်း နဲ့ လည်ပင်းတဝိုက်မှာ ဖြစ်တဲ့ ထိခိုက်ဒဏ်ရာတွေက နားအတွင်းပိုင်း၊ ဦးနှောက်နဲ့ အာရုံကြော ပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် နားအူတာ ဖြစ်တတ်ပါတယ်။
ဆေးဝါး
အကိုက်အခဲပျောက်ဆေးတွေ၊ ဆီးဆေး၊ Aminoglycoside လို့ ခေါ်တဲ့ ပိုးသတ်ဆေး၊ အရက် အလွန်အကျွံ သောက်တဲ့ သူတွေမှာ နားထဲက လေတွေ ထွက်နေသလို နားအူတတ်ပါတယ်။
ကျန်းမာရေး ပြဿနာတွေဖြစ်ကြတဲ့
- Meniere disease၊ ဆီးချို သွေးချို၊
- သွိုင်းရွိုက်ရောဂါ၊ ခေါင်းတခြမ်းကိုက်ရောဂါ၊
- သွေးအားနည်း ရောဂါ၊ ခုခံအား ကျဆင်းမှု ရောဂါ၊
- အဆစ်အမြစ်ရောင် ရောဂါ၊ အရေပြား လေးဘက်နာ ရောဂါ စတဲ့ ရောဂါ အခံတွေ ရှိနေခြင်းကြောင့်လည်း နားအူတတ်ပါတယ်။
တခါတရံမှာ နားအူတာက စိုးရိမ်ဖွယ်ရာ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် အောက်ဖော်ပြပါ အခြေအနေမျိုးတွေမှာတော့ ပေါ့ဆဖို့ မသင့်လျော်ပါဘူး။
- အာရုံစူးစိုက်လို့ မရတာ၊
- မှတ်သားနိုင်စွမ်းတွေ နည်းပါးလာတာ၊
- ခေါင်းကိုက်တာ၊ စိုးရိမ်ပူပန်မှုတွေ များရပြီး စိတ်ဓာတ်ကျတာ၊
- အလုပ်လုပ်နိုင်စွမ်းတွေ လျော့နည်းလာတာတွေကြောင့် မပေါ့ဆသင့်ပါဘူး။
နားအူခြင်း မဖြစ်ရအောင် ကာကွယ်လို့ ရမယ့် နည်းလမ်းလေးတွေကိုလည်း မျှဝေပေးလိုက်ရပါတယ်။
- နားကို အကာအကွယ်ပေးတဲ့ ပစ္စည်းးတွေ တပ်ဆင်ပေးတာ၊ ဆူညံတဲ့ အသံတွေနဲ့ ခပ်ဝေးဝေးမှာ နေသင့်ပါတယ်။
- နားကြပ်တပ်ပြီး သီချင်းတွေ နားထောင်တဲ့အခါ အသံအကုန် ဖွင့်ပြီး နားထောင်တာ ရှောင်ကြဉ်ပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်နေထိုင်မှု ပုံစံတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေတာကြောင့် နားအူတာက်ို လျော့နည်းစေပါတယ်။
- အရက်၊ ကဖင်း၊ နီကိုတင်း ဓာတ်တွေက သွေးလည်ပတ်မှု အပေါ် သက်ရောက်မှုတွေ ရှိနိုင်တာကြောင့် နားအူတာ ဖြစ်စေတဲ့အတွက် အကန့်အသတ်နဲ့ သုံးစွဲသင့်ပါတယ် ဆိုတဲ့အကြောင်း ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါး ကျွမ်းကျင်)